ဇာတ်လမ်းက ဒီလိုဗျ
“မင်းတို့ မြန်မာအစားအစာက ဘယ်လိုလဲ” လို့မေးလာခဲ့ရင် .. “လာခဲ့” လို့ ခေါ်တတ်တာက ကျွန်တော်မျိုး မောင်ကိုတိုးပါ။ “လာခဲ့” လို့သာ ခေါ်ပါတယ် ဒါပေမယ့် ပိုက်ဆံကတော့ ကိုယ့်စရိတ်ကိုယ်ပေးပေါ့။ ဒါနဲ့ အိမ်နားက မြန်မာဆိုင်တွေ ရုံးဆင်းချိန်တိုင်း ခေါ်သွားပြီး ကျွေးမွေးလေ့ရှိပါတယ်။ မြန်မာအစားအစာကို ထိုင်းလူမျိုးများ မည်မျှကြိုက်သလဲလို့ ပြောရရင် တစ်ခါဆို တစ်ခါပါပဲ ဗျာ။ နောက်ကို ဖိတ်ရင်လည်း “ရပါတယ်” ဆိုတာကို မပြုံးမရီ စကားလုံးစီကာ “ငါ ချိန်းထားတာရှိလို့” တို့ “သွားစရာ ရှိလို့” တို့ဆိုပြီး ပြောတတ်တာက ထိုင်းလူမျိုး သူငယ်ချင်းတွေပါ။ အချိုအချဉ်အစပ်တွေ အစားများတဲ့ ထိုင်းတို့ရဲ့ အပြောကတော့ .. “ဆီများလို့” တို့ “အရသာပေါ့တယ်”တို့ ဆိုတာ ပေါ့ဗျာ။
ဒါနဲ့ တစ်ရက်မှာ .. ရုံးက မြန်မာအစားအစာမစားဖူးသေးတဲ့ ထိုင်းတွေလည်း ဘာပဲဖြစ်ဖြစ် သွားစားကြည့်မယ် ဆိုပြီး လိုက်လာလေရော။ အဲဒီနေ့က ရွှေတောင်ခေါက်ဆွဲ ရှိတာနဲ့ ရွှေတောင်ခေါက်ဆွဲကို မှာပေးလိုက်တယ်။ ဒါနဲ့ “ရွှေတောင်ခေါက်ဆွဲ” ကို ဘာလဲလို့မေးတော့ ဘာသာပြန်အလွန်ကောင်းလှတဲ့ ကိုတိုးကလည်း အတည်ပေါက်နဲ့ “Golden Mountain Noodle” လို့ လက်ဟန်ပါပါနဲ့ တောင်ပုံရာပုံ ပုံစံမျိုး ပြောထည့်လိုက်တယ်။ တစ်ယောက်သော ထိုင်းက ပျာကြီးပျာယာနဲ့ “ကိုတိုး ကိုတိုး ငါတို့ နည်းနည်းပဲ စားမှာနော် .. မင်းမှာလိုက်တဲ့ ခေါက်ဆွဲက “Golden Mountain Noodle” ဆိုတော့ အရမ်းများနေပြီး ဈေးများ အရမ်းကြီးနေမလားလို့” ဆိုတဲ့ မေးခွန်းအနောက်မှာ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်တဲ့သူက ကျွန်တော်ပါပဲ ဗျာ။
(မှတ်ချက်။ ။ထိုသို့လည်း မဟုတ်ရပါဘူး .. မြန်မာဆိုင်က ဒန်ပေါက်ကို အသည်းစွဲဖြစ်သွားတဲ့ နိုင်ငံခြားအသိမိတ်ဆွေ ရှိသလို .. မြန်မာအစားအစာကို နှစ်သက်တဲ့ ထိုင်းလူမျိုး အမျိုးသမီးကြီး တစ်ယောက်လည်း မြန်မာဆိုင်မှာ အစားမပျက်တာ တွေ့ရစဲပါ ဗျာ။)
ကိုတိုး
အသစ်တဖန်
စုံစည်းခွင့်ရဲ့
နံနက်ခင်း
မင်းခြေချောင်းလေးတွေကို
ငေးကြည့်ရင်းနဲ့
ငါ ရင်ခုန်နေမိတယ်
ခွဲခွာခြင်းရဲ့
ညနေခင်း
မင်းပါးမို့ပြင်က မျက်ရည်စလေးများကို
သုတ်ရင်းနဲ့
ငါ စိတ်မကောင်းဖြစ်နေရတယ်
ရင်ခုန်ခြင်းရဲ့
ညတွေမှာ
မင်းပုံရိပ်တွေ
ငါမြင်ရင်း
နေ့သစ်တစ်ခုကို
ပြန်ရောက်ချင်တယ်။
ကိုတိုး